ကျနော်နဲ့ကွန်ပျူတာ

ကျနော်နဲ့ကွန်ပျူတာ

        ကျနော့် နာမည်ကတော့ ဌေးလင်း လို့ခေါ်ပါတယ်။ Computer နဲ့ ကျနော် ရေစက် ပါခဲ့ပုံလေးတွေကို ပြောပြပါရစေ။ Computer ဆိုတာကို စစ်တက္ကသိုလ် (DSA) ဗိုလ်လောင်းသင်တန်း ပထမနှစ် ကျောင်းသား ဘ၀မှာ စပြီးတော့ တွေ့ဖူး မြင်ဖူး ထိတွေ့ဖူး ခဲ့တာပါ။ ဘာလို့လဲဆိုတော့ Computer Major ယူလိုက်လို့ပါ ခင်ဗျာ။ အပြင် တက္ကသိုလ်တွေနဲ့ မတူတဲ့ စစ်တက္ကသိုလ် (DSA) ရဲ့ ကွန်ပျူတာ ပထမနှစ် ကျောင်းသားဘ၀မှာ Practical လက်တွေ့လုပ်ရတဲ့ စက်ခန်းဝင်ရတဲ့ အချိန်တွေကို အရမ်းကိုကြောက်ရွံ့ခဲ့ပါတယ်။ ပြောရရင် ကျနော့်ရဲ့ ပင်ကိုယ် စိတ်ထားကိုက ကိုယ်မသိတာ မတတ်တာဆိုရင် ဝေးဝေးက ရှောင်တတ်တယ်။ မသိနေ မတတ်နေတာကို သိနေတတ်နေ သလို လုံးဝ (ဟန်ဆောင်ပန်ဆောင်ကို) မနေတတ်ဖူး။ အကြောင်းအရာ တစ်ခုကို သိချင်ရင်လည်း စာအုပ်ထဲက အချက်အလက်တွေထက် ပိုမိုပြီး ကျော်လွန် သိချင်တတ်တယ်။ Computer သင်ရတဲ့ ပထအဆင့်က power အဖွင့်အပိတ်နဲ့အသုံးချ application ထဲကိုဝင်နည်း သုံးနည်း ဒါတွေစ သင်ရတာ ထုံးစံပဲလေ။ ဘာတွေကို ဘာမှန်းမသိပဲနဲ့ ဘယ်လိုလုပ်ရမယ် ဆိုတဲ့ လုပ်နည်းတွေကိုပဲ လိုက်ပြီး မှတ်သားနေရတော့ အခုမှ စလုံးရေ စတဲ့ (တခုခုကိုစလုပ်တတ်ဖို့ သင်ယူဖို့နှေးတတ်တဲ့) ကျနော့်လို တက္ကသိုလ်ဝင်တန်း အောင်ပြီးခါစ ကွန်ပျူတာကျောင်းသားပေါက်စလေး တစ်ယောက်အတွက်တော့ အတော့ကို ခက်ခက်ခဲခဲ နဲ့ အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ Theory တွေ ကျက်စာတွေ သင်ရတော့လည်း ဖြေဆိုရမယ့် စာမေးပွဲ အဖြေလွှာထဲမှာ သင်ဖို့ပြဌာန်းထားတဲ့ စာအုပ်ထဲက စာတွေနဲ့ အတတ်နိုင်ဆုံး တူအောင် ဖြေနိုင်ဖို့က စာမေးပွဲ အောင်ဖို့အတွက် အဓိက ဖြစ်နေလေတော့ အဲဒီမှာ ကျနော့်အတွက် ပြဿနာ စတတ်ခဲ့ပါတယ်။ ကိုယ့်မိခင် ဘာသာစကား မဟုတ်တဲ့ အင်္ဂလိပ်စာတွေကို အဓိပ္ပါယ်မသိ နားမလည်ပဲနဲ့ ခေါင်းထဲကို ဘယ်လိုမှ ထည့်မရတာ မထည့်တတ်တာ ဟိုးငယ်ငယ်လေး state ကျောင်းသားဘဝ ကတည်းက ကျနော့်ရဲ့ သဘာဝ ပါ။ ကျနော့် မျက်စိရှေ့ကို အင်္ဂလိပ်စာတွေ ရောက်လာရင် အဲဒါမြန်မာလို ဆိုရင် ဘယ်လိုဖြစ်မှာပါလိမ့် ဘာကို ဆိုလိုချင်ပါလိမ့် ဆိုတဲ့ စိတ်ကြီးက ဘယ်လိုမှ တားမရ ဆီးမရပါဘူး။ အဘိဓာန် အမျိုးအစားပေါင်းစုံ ဆိုက်မျိုးစုံကို ရှေ့မှာချပြီး စိတ်ကျေနပ်လောက်တဲ့ အခြေအနေတစ်ခု မရောက်မခြင်း ဘာသာပြန်နေတတ်တာ ကျနော့်ရဲ့ အကျင့် ဝသီ ပါ။ စစ်သင်တန်း ဗိုလ်သင်တန်း တက်နေတာ ဆိုတော့ စစ်ပညာနဲ့ စာပေပညာ (Training နဲ့ Academic) ကို ပူးတွဲ သင်ယူရတာ ဖြစ်တော့ ကျနော် လုပ်လေ့ လုပ်ထရှိတဲ့ ပုံစံမျိုးရောက်အောင် ဖြစ်ဖို့ လုပ်ဖို့ အတွက် အတော့်ကိုအချိန်တွေယူပြီးတော့ အပင်ပန်းခံခဲ့ ရပါတယ်။ သူများတွေ စာတစ်ပုဒ်ကို ခေါင်းထဲထည့်ဖို့ နာရီဝက် မိနစ် ၂၀ လောက်ပဲ အချိန်ယူရတဲ့ အချိန်မှာ ကျနော့်အတွက်ကတော့ တခါတလေ တစ်ရက်လောက်ကြာရင်လည်း ကြာသွားတတ်ပါတယ်။ အဆိုးဝါးဆုံးက မြန်မာလိုမှတ်ထားတဲ့ အဓိပ္ပါယ်တွေကိုပဲ မှတ်မိနေပြီး စာသားတွေကို မေ့နေတဲ့အတွက် စာမေးခန်းထဲရောက်လို့ အဖြေလွှာထဲမှာ ပြန်ရေးချတဲ့အခါ ပြဌာန်းစာအုပ်ထဲက စာတွေနဲ့ မတူတော့တာပါပဲ။ ကျနော်က ကျနော်နားလည်ထားတာကို အင်္ဂလိပ်လို ပြန်ရေးတာလေ။ Usage တွေလည်းမတူတော့ပါဘူး။ သူထဲက include ဆိုရင် ကျနော်က consist of တွေဘာတွေလုပ်တာလေ။ သုံးမျက်နှာလောက် ဖြေရမယ့် ၁၅ မှတ်တန် အပုဒ်ကြီးတွေကို ကျနော်က ကိုယ့်ဘာသာ နားလည်သလို summarize လုပ်ပစ်ပြီး ၁ မျက်နှာ လောက်ထဲပဲ ဖြေချင် ဖြေလိုက်မိတာလေ။ လေးငါးကြောင်း လောက်ပဲ ရေးရမယ့် ၃ မှတ်တန်လောက် ကျတော့်လည်း inspiration ဖြစ်ပြီး တစ်မျက်နှာလောက် ဖြစ်ချင်ဖြစ် သွားတတ်တာ။ အမှတ်ပေးစေတနာကောင်းပြီး စိတ်ရင်း စေတနာရှိတဲ့ ဆရာတွေကြောင့်သာ ကျနော် စာမေးပွဲအောင်ခဲ့ရတာပါ။ စည်းကမ်းကျပ်တဲ့ သမရိုးကျ စာအုပ်ကြီးအတိုင်း Marking Scheme နဲ့တိုက်စစ်ပြီးသာ အမှတ်ပေးတဲ့ ဆရာမျိုးနဲ့သာ တွေ့ခဲ့ရင် ကျနော် တဖုန်းဖုန်းနဲ့ကို ကောင်းကောင်းကြီး စာမေးပွဲကျတာပေါ့။
        ကျနော် အဲဒီလိုတွေ လုပ်ခဲ့တာတွေက အချိုးမကျ ပုံမှန် ကျောင်းသား တစ်ယောက်ဘ၀နဲ့ လုံးဝ မတူခဲ့ပါဘူး။ ပညာဆိုတာက သုတမယ၊ စိန္တာမယ၊ ဘာဝနာမယ ဆိုပြီး အဆင့်တွေရှိပါတယ်။ သုတမယ အဆင့်ဆိုတာက အကြောင်းအရာ ဗဟုသုတ တစ်ခုကို ကျက်မှတ်ထားပြီး လိုတဲ့အချိန်မှာ မှတ်ထားတဲ့အတိုင်း ခေါင်းထဲက ပြန်ထုတ် လိုက်တတ်ရုံကို ပြောတာပါ။ အဲဒါထက် တဆင့်မြင့်တဲ့ စိန္တာမယ အဆင့်ကျတော့ အကြောင်းအရာတစ်ခုအပေါ် စဉ်းစားတွေးခေါ် သုံးသပ် ဆင်ခြင်တွေးတောမှု အပိုင်းတွေပါလာပါပြီ။ သုတမယ အဆင့်တုန်းကလို ကျက်ထားရုံ မှတ်ထား လောက်ရုံလောက်နဲ့မရတော့ပါဘူး။ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ဘာဝနာမယ အဆင့်ကျတော့ ထိုးထိုးထွင်းထွင်း သိမြင်ပြီး အထူးနားလည် တတ်မြောက်သွားပြီလေ။ သုတမယ တုန်းကလို မှတ်ရုံမှတ်ထား ဘာမှန်းမသိ လဲ မဟုတ်တော့ဘူး။ စိန္တာမယ တုန်းကလို ဒီလိုဟုတ်မှာပါ ဟုတ်လောက်တယ်လို့ တွေးတော ဆင်ခြင်ရုံလောက်တင် မကပဲ တကယ့် သဘောတရား အမှန်ကို ထိုးထွင်းသိရှိ တတ်မြောက်သွားတာပါ။ ဒုတိယနှစ်လောက်ရောက်တော့ ကျနော်နဲနဲတော့ စာတတ်သွားပါပြီ။ ဘီဂိတ်တို့ အိုင်းစတိုင်းတို့လို ကျောင်းမထွက်ချင်တာ မထွက်နိုင်တာလဲပါတာပေါ့ဗျာ။ စာကို ကြက်တူရွေးလို ကျက်ရကောင်းမှန်း သိလာတယ်။ စာမေးပွဲတွေမှာ အမှတ်တွေရအောင် လုပ်တတ် ယူတတ်လာတယ်။ Position တွေကောင်းအောင် လုပ်ရကောင်းမှန်း သိလာတယ်။ Position ကောင်းထားမှ နောက်ထက်မြင့်တဲ့ အဆင့်တွေဆက်သင်ရဖို့ အရွေးချယ်ခံရမှာကိုးဗျ။ အဲဒီမှာ ပိုပြီးတော့ ပင်ပန်းပါတယ်။ စာမေးပွဲအမှတ် ကောင်းအောင် mind ကအလုပ်လုပ်ရသလို ဘာသာပြန်တဲ့နားလည်အောင် လုပ်တဲ့အလုပ်ကိုလဲ soul က လုပ်ရပါတယ်။ Master ဆက်တက်ချင်တာကြောင့် ကြိုးစားခဲ့တာလဲပါတယ်။ ဒီလိုနဲ့ (၃) နှစ်တာကာလ ပြီးသွားတဲ့ နောက်ပိုင်းမှာ ရည်မှန်းချက်အတိုင်း ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc) ကို ရရှိခဲ့သလို နောက်ထပ် မဟာကွန်ပျူတာသိပ္ပံဘွဲ့ (M.C.Sc) ဆက်လက်တက်ရောက်ဖို့ အရည်အချင်း ပြည့်မှီ ခဲ့ပါတယ်။ ပြီတော့ ကျနော်တာဝန်ကျတဲ့တပ်မှာ ပြန်တမ်းဝင်အရာရှိဒုတိယဗိုလ် Second Lieutenant အဖြစ်နဲ့ သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီအချိန်တွေမှာတော့ ပြင်ပစာပေတွေကို တော်တော်လေး ဖတ်ဖြစ်ခဲ့ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ အမာခံ ဦးဆောင် Technical Writer တွေဖြစ်တဲ့ ဆရာဇော်လင်း(Youth)၊ ဆရာမျိုးသူရ၊ ဖိုးနိုင်ဝင်း တို့ရဲ့စာအုပ်တွေကို တော်တော်ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန် ကျနော့်လက်ထဲမှာ ကိုယ်ပိုင် Computer တစ်လုံးမှ မ၀ယ်နိုင်သေးပေမယ့် စိတ်ထဲမှာတော့ လက်တွေ့စမ်းသပ်ဖို့ Abstract Computer တစ်လုံးရှိနေပါပြီ။ အသားမျက်စိ(မံသ စက္ခု) နဲ့ ကွန်ပျူတာတစ်လုံးရဲ့ အတွင်းပိုင်းကို မမြင်ဖူးသေးပေမယ့် ဥာဏ်မျက်စိ(ဥာဏစက္ခု) နဲ့တော့ ကွန်ပျူတာတစ်လုံးရဲ့ အတွင်းပိုင်း တည်ဆောက်ပုံတွေကို မြင်တတ် ခံစားသိရှိ တတ်နေပါပြီ။ ကိုယ်ပိုင်ကွန်ပျူတာမရှိတဲ့ ကျနော်ဟာ သူများတွေရဲ့ ကွန်ပျူတာပြဿနာတွေကို ဖြေရှင်းပေးတတ် နေပါပြီ။ Windows CD တွေ၊ Driver Pack DVD တွေ၊ Software Installer ခွေတွေ စုထားဆောင်ထားတတ်နေပါပြီ။ ကိုယ့်ပညာရပ်ကိုဂုဏ်ပြုပြီးတိုက်တဲ့ သူငယ်ချင်းတွေရဲ့ဂုဏ်ပြုလက်ဖက်ရည် Honour Tea တွေကိုလည်း အရသာခံပြီး သောက်တတ်နေပါပြီ။ ဘယ်လောက်အချိန်ပေးရတာတို့ အိပ်ရေးပျက်တာတို့ကို စိတ်ထဲမထားပါဘူး။ တတ်နိုင်သလောက် ကိုယ်ရှင်သန်နေတဲ့ Environment လေးကို ဖြည့်ဆည်းချင်တာပါ။

No comments: