ဘလော့ဂါ ညီလေးမိုးသက်(ဂျီပီ)ရဲ့ facebook ပေါ်ကခံစားချက်ပို့စ်လေးပါ။

မနေ့ကဆရာနဲ့တွေ့တော့ ဆရာက သူ့အစည်းအဝေးသွားဖို့အတွက်ယူလာတဲ့ အရင်က ပစ္စည်းအဟောင်းတွေကိုပြတယ်.။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) လောက်ကတည်းက ရုရှားမှာ နာနိုနည်းပညာတွေစနေပြီ ဆိုတာကိုရှင်းပြတယ်.။ ပစ္စည်းအသေးလေးတွေကို ထုတ်ပြတော့ ဓါတ်ပုံ ရိုက်ချင်ပေမယ့် ဆရာ မကြိုက်ဘူးထင်လို့ မရိုက်ခဲ့ရဘူး.။ Nano-chips တွေအကြောင်းရှင်းပြရင်းနဲ့ စကားစပ်မိတော့ Programming ဖက်ရောက်သွားတယ်.။
“ မင်းတို့နားက နိုင်ငံတွေက ကွန်ပျူတာ တော်တော်ကောင်းကြတယ်.. ၊ တရုတ်တို့၊ အိန္ဒိယတို့ပေါ့..။ အိန္ဒိယဆိုရင် ကမ္ဘာမှာ ပရိုဂရမ်းမင်း အကောင်းဆုံးပဲ..”
“ ဟုတ်ကဲ့ဆရာ အိန္ဒိယမှာ ကမ္ဘာ့အကောင်းဆုံး ပရိုဂရမ်မာတွေ ရှိတယ်လို့ နာမည်ကြီးပါတယ်.”
“ အင်း .. ငါတို့ ရုရှားကလည်း ပရိုဂရမ်းမင်း ကောင်းတယ်.. ။ ဒါပေမယ့် အိန္ဒိယ ကိုတော့ မမီဘူးကွ.” တဲ့.။
အိန္ဒိယရဲ့ ကွန်ပျူတာ ကောင်းပုံကို ကျွန်တော် Programming ဖက်ကို စလုပ်ကတည်းက ဖတ်ဖူး မှတ်ဖူးခဲ့တာပါ..။ ဒါတွေတွေ့တော့လည်း မြန်မာဗွီဒီယိုတွေထဲက Bios setting ကြီးဖွင့်ပြီး စာတွေရိုက်နေတဲ့မန်နေဂျာတွေ၊ ပီစီ ပုံးကို ကြိုးတစ်ချောင်းမှ မတပ်ပဲ စာရိုက်နေတဲ့ cableless technician စာရေးမတွေကို သတိရမိ ပြန်ပါလေရော..။
ကဲ့ရဲ့တာထက် စိတ်မကောင်းဖြစ်မိတာ..။ မကြာမီ .. လာမည် . မျှော်ပေါ့လေ..။
မြန်မာနိုင်ငံမှာလည်း လူတိုင်းကွန်ပျူတာမကိုင်နိုင်ဘူး.။ ကွန်ပျူတာတွေ ဈေးကျတယ် ဆိုတော်ငြား သာမာန် အောက်ခြေ လူတန်းစားအတွက် အလှမ်းဝေးနေဆဲပဲ.။ ကျွန်တော် ကွန်ပျူတာ စသင်တော့ windows 98 ပေါ့.။ (စတိတ်ကျောင်းတုန်းက တောင်နှိပ်မြောက်နှိပ် နှိပ်ခဲ့ဖူးတဲ့ ပန်းသီးကွန်ပျူတာတော့ ထည့်မပြောတော့ပါ.။ ပန်းသီးဆိုလို့ Mac book ကိုပြောတာ မဟုတ်ပါ.။ အရင့်အရင် Apple GS/OS ကိုပြောတာပါ.) မိဘ နှစ်ပါးလုံးဝန်ထမ်းပေမယ့် ကိုယ်က ၀ါသနာပါတော့ ပညာရှိတဲ့ အရပ်ကို လိုက်ရှာရတာပါပဲ..။ တစ်ချိန်တုန်းက ကွန်ပျူတာဆိုတာ တက္ကသိုလ်ကျောင်းသားတောင် မလွယ်တဲ့ခေတ်မဟုတ်လား.။ အိမ်က အဖေ၊ အမေ ကိုတော့ ဘာမှ ဖွင့်မပြောဖြစ်ခဲ့ပါဘူး..။ ဒီလိုနဲ့ ဗိုလ်လောင်းတက်တဲ့အချိန် ကွန်ပျူတာနဲ့ နောက်တစ်ခေါက် ပြန်အဆက်ပြတ်သွားတယ်...။ လူကတော့ ကွန်ပျူတာမေဂျာ ယူချင်တာပေါ့လေ..။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရူပဗေဒကို ရောက်ခဲ့တယ်.။ အစကတော့ ကွန်ပျူတာမေဂျာလျှောက်ထားဖို့ လုပ်ပါသေးတယ်.။ အိမ်ကဇွတ်လိုက်တားတယ်.။ မင်း အဖော် မက်လို့ လျှောက်တာတဲ့.။ ကျွန်တော်နဲ့ လည်ပင်းဖက် ပေါင်းတဲ့ သူငယ်ချင်းက ကွန်ပျူတာမေဂျာကိုး.။
စစ်တက္ကသိုလ်တက်တော့ ပထမနှစ်နဲ့၊ ဒုတိယနှစ်လည် လောက်အထိ ကွန်ပျူတာ ကောင်းကောင်း မထိနိုင်ပါဘူး.။ အလုပ်အရှုပ်ဆုံးနဲ့ အပင်ပန်းဆုံး အတင်းကြပ်ဆုံး ကာလတွေ မဟုတ်လား.။ ဖိုင်နယ်ရီးယားနှစ်မှာ ကျွန်တော် အင်တာနက်ကောင်းကောင်း စသုံးတဲ့အချိန်ပေါ့.။ လူက အစကောင်းသွားတယ်ပဲ ဆိုရမှာပေါ့..။ ကျွန်တော်ရော အရင်တစ်ခါ ကျွန်တော်ပုံတင်ဖူးတဲ့ ကျွန်တော့် ဂါဒီယန် Neo Kzyl နှစ်ယောက်စလုံးက အင်တာနက်စသုံးတဲ့အခါ ဘယ်သူမှ မပြောပဲ googling လုပ်ရတာကို နှစ်ခြိုက်ခဲ့တာပါပဲ...။ Chatting ဖက်ကို စိတ်မလေပဲ.။ ကိုယ်လိုချင်တာရတဲ့ Search Engine ကြီးထဲမှာ ပျော်မွေ့ခဲ့တာ.။ ကျွန်တော်တို့ အားကိုးနဲ့ ဖွင့်ထားတဲ့ အသိအင်တာနက်ဆိုင်မှာ အဲဒီအချိန်ကာလ တုန်းက တနင်္ဂနွေ တိုင်း ကျွန်တော်နဲ့ ကျွန်တော့် ဂါဒီယန် Tab တွေ ပွနေအောင်ဖွင့်ထားတဲ့ Browser ကြီးတွေ ရှေ့မှာထိုင်နေခဲ့ဖူးကြတယ်.။
နောက်တော့ ဖိုင်နယ်ရီးယားနှစ်မှာပဲ Aung Nway Oo Shooter နဲ့ ရင်းနှီးပြန်ရော၊ ကိုယ်က ကိုစေတန်ဂေါ့ တို့ ၊ ကိုညီလင်းဆက်တို့ ဘလော့တွေ လိုက်ဖတ်နေရတဲ့ အချိန် သူက မာတီပလိုင်းက ပို့စ်တွေကို မေးလ်တွေကနေ Forward လုပ်ပြီး လိုက်ဖြန့်နေ သူပေါ့.။ ဘလော့တစ်ခုလည်း ရေးဖို့ကြိုးစားခဲ့ဖူးသူပေါ့လေ.။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ.။ ၀ါသနာတူ သူငယ်ချင်း သုံးယောက်စလုံး ကွန်ပျူတာ မေဂျာတစ်ယောက်မှ မဟုတ်ခဲ့ပါဘူး..။
ဒီလိုနဲ့ ကျောင်းဆင်းသွားတယ်...။ ကျောင်းမဆင်းခင် ကွန်ပျူတာမေဂျာသူငယ်ချင်း Moemin Zaw ဆီက HTML စာအုပ် သွားတောင်းတယ်.။ သူကတော့ “ အေး ယူချင်တာယူသွား.၊ မင်းမယူလည်း ငါက လွှင့်ပစ်မှာ ” တဲ့.။ အဲဒါနဲ့ HTML စာအုပ်တစ်အုပ်၊ Assembly စာအုပ်တစ်အုပ်၊ C Programming စာအုပ်တစ်အုပ်ပေါ့လေ.။ အဲဒီသုံးအုပ် မ လာခဲ့တယ်.။ (သူတော့ မှတ်မိရဲ့လား မသိ.)။
တပ်ရောက်တော့ ရောက်စက သင်တန်းတွေ ပတ်တက်နေရတုန်း ဘာမှ အလုပ်မဖြစ်သေးဘူး. ။ ကိုယ်လုပ်ချင်တာကို ကိုယ်မေ့ထားရတဲ့အချိန်ပေါ့.။ စာမူတွေတော့ ပို့ဖြစ်နေပြီ.။ ရွေးခံရရ အရွေးမခံရရပေါ့လေ.။ နောက်တော့ ခြေလျင်စုမှူးသင်တန်းဆင်းတယ်.။ ကျွန်တော်တို့ အပတ်စဉ် မာစတာ မခေါ်တော့ဘူး လို့ သတင်း(ကောလဟာလ) ကြားတယ်.။ စိတ်လေသွားတယ်.။ အဲဒီကျမှ HTML ကို စလေ့လာဖြစ်သွားတယ်.။
ကျွန်တော့်ဖာသာဝဘ်ဆိုက်တစ်ခု ရေးတယ်.။ Offline ပေါ့.။ ဘာ CSS, Javascript မှ မပါပါဘူး.။ Pure Html ဆိုက်ပါ.။ နောက် ကျွန်တော် Micromedia ကထုတ်တဲ့ Dreamweaver ကိုသုံးဖြစ်တယ်.။ နောက်တော့ မာစတာတက်နေတဲ့ ကို Htay Lin တပ်ကို ခဏပြန်လာတယ်.။ သူပြန်လာတော့ ကျွန်တော့်ကို C နဲ့ C# စသင်တယ်.။ ကိုဌေးလင်းက စိတ်ရှည်ပါတယ်. ။ (ပရိုဂရမ်မာတွေက စိတ်ရှည်မှ အောင်မြင်မယ်ထင်တာပါပဲ.)။ ညဆို ၁ နာရီလောက်အထိ ကျွန်တော့်ကို သင်ပါတယ်.။ သူ ပြန်တော့ စာအုပ်တွေပေးသွားတယ်.။ ကျွန်တော်က ခပ်တုံးတုံးကောင်ပါ.။ သင်ပေးတဲ့သူရှိနေတုန်း ဘာကိုမှ ဟုတ်တိပတ်တိ နားမလည်တတ်ပါဘူး.။ သူသင်တုန်းက နားမလည်ပေမယ့် နောက်မှ ကိုယ့်ဖာသာ လိုက်ယူရတာမျိုးပေါ့လေ..။
ကြာခဲ့ပါပြီ..။ ခုတော့လည်း ဘ၀ဆိုတာမျိုးက လုပ်ချင်တာထက် လုပ်သင့်တာဖက် လိုက်ရင်းနဲ့ပဲ..လွှအသွားတွေ တစ်ခုချင်းပဲ့ကုန်သလို ကြာရင် သံပြားကြီးလုံးလုံး ဖြစ်တော့မှာကို သိနေသလိုပါပဲ.။ ဒါပေမယ့်လည်း.. ကျွန်တော့်ဘ၀ တစ်ခုလုံးမဟုတ်ရင်တောင် တစ်စိတ်တစ်ပိုင်းတော့ အရေးပါနေတဲ့ ဘလော့ဂါ အဖြစ်နဲ့ ကျွန်တော်ပျော်ပါတယ်..။ ဘာလိုလိုနဲ့ ကျွန်တော့် ဘလော့တောင် ၂ နှစ်ပြည့်တော့မယ် မဟုတ်လား.။ မဝေးလှတဲ့ တစ်ချိန်ကျရင်တော့ ကျွန်တော်လည်း တာဝန်နဲ့ အုပ်ချုပ်မှု ယန္တရားကြီးထဲ ပင်နယံတစ်ချောင်းလို ပြန်လည်ပတ်ရတဲ့အခါ အကောင့်က မီးလုံးစိမ်းလေးလည်း လူမသိသူမသိပဲ ပျောက်ကွယ်သွားမှာပါဆိုတာကြိုတွေးထား မိပါတယ်.။ ကြိုတွေးထားပါတယ်..။ကျွန်တော့်ဘလော့လေးလဲ. ယခင့်ယခင်က ကိုညိမ်းညိုတို့လို၊ ကိုသံလုံငယ်တို့လို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပျောက်ကွယ်သွားမယ်ဆိုတာကိုပေါ့..။

No comments: