Software Engineering Process and Modeling
Software
Software ဆိုသည်မှာ programming language တစ်ခုခုဖြင့် ရေးသားထားသော program မျှသာမက၎င်းနှင့် သက်ဆိုင်သော အပြင်အဆင်၊ ရုပ်ပုံ၊ အသံဖိုင်များ၊ အသုံးပြုနည်းလမ်းညွှန်များ အားလုံးကို စုပေါင်း ခေါ်ဝေါ်သည်။
Kinds of Software Product
Software product များကိုအခြေခံအားဖြင့် နှစ်မျိုးခွဲခြားထားသည်။

- Generic Products နှင့်
- Bespoke (or Customized ) Products ဟူ၍ဖြစ်ပါသည်။
Generic Products ဆိုသည်မှာ programming ရေးသားရောင်းချသော team or company တစ်ခုခုမှ မည်သည့် customer အတွက်မဆို ရည်စူး၍ ဈေးကွက်သို့ ကြေငြာရောင်းချသော product မျိုးဖြစ်သည်။ ဥပမာ-လက်ရှိ အသုံးပြုများသော Microsoft Office, Page Maker, Photoshop, Auto CAD စသည်တို့ဖြစ်ကြသည်။ ထုတ်လုပ်သူမှ ပိုင်ဆိုင်ပြီး ပြုပြင်ပြောင်းလဲမှု များကိုလည်း ထုတ်လုပ်သူမှသာ ပြင်ဆင်ပြောင်းလဲခွင့်ရှိသည်။
Bespoke (or Customized ) Products ဆိုသည်မှာ customer တစ်ယောက်ယောက်မှ သီးခြား မှာယူအပ်နှံသည့် product မျိုးဖြစ်သည်။ ဥပမာအားဖြင့် သီးသန့်စီးပွားရေး လုပ်ငန်းတစ်ခုခု ဆောင်ရွက်ရန်အတွက် လာရောက် အပ်နှံသော software များ၊ အသေ တပ်ဆင်ထားသော အီလက်ထရောနစ် ကိရိယာများရှိ ထိန်းချုပ်မှုစနစ်များ၊ လေကြောင်း ထိန်းသိမ်းရေး စနစ်များတွင် အသုံးပြုသော software များ စသည်တို့ဖြစ်သည်။ customer များမှ ပိုင်ဆိုင်ပြီး ပြုပြင်ပြောင်းလဲမှု များမှာလည်း customer အလိုကျ သာဖြစ်သည်။

Software Engineering
Software Engineering ဆိုသည်မှာ software တစ်ခုအား စတင်ဖန်တီးရန်အတွက် လိုအပ်ချက်များအား စတင် စဉ်းစားချိန် မှစ၍ ထုတ်လုပ် ဖန်တီးပြီးသည့် အချိန်ထိ အပြင် ရေရှည် အသုံးပြုနိုင်ရေးအတွက် ထိန်းသိမ်းမည့် နည်းလမ်းများ စသဖြင့် လုပ်ငန်းစဉ် အားလုံးနှင့် သက်ဆိုင်သည့် engineering စည်းမျဉ်းစည်းကမ်းများ ဖြစ်သည်။
Software Engineering သည်

- အချိန်နှင့်တပြေးညီရှိမှု(အချိန်ကုန်သက်သာစေမှု)
- ကုန်ကျမှုသင့်တင့်မှု
- လက်ခံနိုင်လောက်သောစွမ်းဆောင်နိုင်မှု
- မှန်ကန်သောလုပ်ဆောင်မှု
စသည့် အရည်အချင်းများရှိသော software system များကို ထုတ်လုပ်နိုင်စေမည့် ကွန်ပျူတာသိပ္ပံပညာနှင့် အနုပညာ ပေါင်းစပ်မှု တစ်ရပ် ဖြစ်သည်။
Modeling
Software တစ်ခုတည်ဆောက်ပြုလုပ်ပုံအား ပြင်ပလက်တွေ့လောကတွင် အိမ်တစ်လုံး တည်ဆောက်ပုံနှင့် နှိုင်းယှဉ် လေ့လာ ကြည့်ကြပါစို့။ အိမ်တစ်လုံး ဆောက်ရန်အတွက် ပထမဆုံး လိုအပ်သော အဆင့်မှာ ဗိသုကာဆရာ Architect ထံသို့ သွားရောက်၍ မိမိဆောက်လုပ်လိုသည့် အိမ်ပုံစံအမျိုးအစား၊ မိမိတတ်နိုင်သော ကုန်ကျစရိတ်၊ အသုံးပြုလိုသည့် ဆောက်လုပ်ရေး ပစ္စည်းများ စသည်တို့အား architect အားပြောပြ၍ architect မှတွက်ချက်ကာ နောက်ဆုံးတွင် အိမ်ပုံစံ ဒီဇိုင်းနှင့် အကြမ်းဖျဉ်း ကုန်ကျစရိတ်အား ရရှိမည်ဖြစ်သည်။ ထိုပထမအဆင့်သည် software engineering လုပ်ငန်းတွင် modeling ပြုလုပ်သည်ဟု ခေါ်သည်။
ထိုအိမ်ပုံစံ ဒီဇိုင်းအား မည်သည့် ဆောက်လုပ်ရေး ဝန်ဆောင်မှုပေးသော construction company တွင် ဖြစ်စေပြသ၍ အခပေး ဆောက်လုပ်နိုင်စေပါသည်။ Software engineering လုပ်ငန်းတွင်လည်း system architect ဟု ခေါ်သော ပညာရှင်များမှ ဆွဲပေးသော ဒီဇိုင်းပုံစံအတိုင်း programmer များမှ coding များ ရေးသားရသည်သာ ဖြစ်သည်။ Programmer များတွင်လည်း ၎င်းတို့၏ သက်ဆိုင်ရာအလိုက် ကျွမ်းကျင် တတ်မြောက်ထားသော programming language များမှာ မတူညီနိုင်ကြပေ။ ထို့ကြောင့် system architect များနှင့် အခြား programmer များ အားလုံး၏အကြားတွင် နားလည်ရန်လိုအပ်သော modeling language တစ်မျိုး လိုအပ်လာသည်။ ၎င်းလိုအပ်ချက်ကို UML (Unified Modeling Language) က ဖြည့်ဆည်းပေးသည်။ UML သည် language တစ်ခု ဖြစ်သော်လည်း အခြား Language များကဲ့သို့ စာသားများသက်သက် မဟုတ်ပဲ ပုံများဖြင့် ကိုယ်စားပြုသော Diagram Language ဖြစ်သည်။ UML diagram တစ်ခုကိုကြည့်၍ မည်သည့် language programmer ကမဆို coding ကို ရေးသားနိုင်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် ကိန်းနှစ်ခုကို ပေါင်းပေးသော system တစ်ခုအတွက် system architect က အောက်ပါအတိုင်း UML diagram တစ်ခု ဆွဲပေးသည်ဆိုကြပါစို့။

၎င်း ပုံကိုကြည့်၍ မည်သည့် language programmer ကမဆို သက်ဆိုင်ရာ language ဖြင့် လိုလားချက် ပြည့်စုံစေမည့် coding ကို ရေးသားနိုင်ရမည် ဖြစ်သည်။ ဥပမာအားဖြင့် ဆိုရသော် ဒိုရေမီဖာ တေးဂီတနုတ် တစ်ခုကိုကြည့်၍ မည်သည့် တူရိယာ ပညာရှင် ကမဆို တီးခတ်နိုင်သော သဘောမျိုးပင် ဖြစ်သည်။ အထက်တွင် ဖော်ပြသော Model ပုံမျိုးကို Usecase Diagram ဟုခေါ်သည်။ Usecase diagram ဆိုသည်မှာ System တစ်ခုကို user တစ်ယောက်အနေဖြင့် မည်သို့အသုံးချ၍ ရသနည်းဟု အသုံးပြုသူ ဘက်မှ စဉ်းစားသော user view ကို အလေးပေးသည့် diagram မျိုးဖြစ်သည်။ UML တွင် diagram ၉ မျိုးရှိသည်။
2 comments:
အဲ့ဒီလိုရေးတဲ့လူတွေကျမတို့တိုင်းပြည်မှာအများကြီးလိုပါတယ် အရမ်းကောင်းပါတယ်ရှင်
so good...........
thank you.......
Ko htay lin......
Post a Comment